Monday, April 27, 2009

မောင်းခုန်း ဂွန်ဒိုလာ (ထိုင်ဝမ်း)


ဒီနေ့ (၁၃ မတ်၂၀၀၈) နေ့ခင်းစာကို Tasty လို့အမည်ရတဲ့ ဆိုင်လေးမှာ သွားစားဖြစ်ခဲ့ပါတယ်ဗျာ။ ထိုင်ပေမှာ နာမည်အရမ်းကြီးလို့ ဆိုင်ခွဲတွေ အများကြီးဖွင့်ထားတာပေါ့။ ဆိုင်အပြင်အဆင် အရမ်းသားနားပြီး အရသာလဲ အထူးကောင်းမွန်လှပါတယ်။


ဒါကတော့ ပုဇွန် နဲ့ အထူးပြုလုပ်ထားတဲ့ အရံအစားအစာ လေးပါ။


မစားခင် အမှတ်တရ ရိုက်ထားတာပေါ့။ အရမ်းမွှေးပြီး တော်တော်လေးကို အရသာကောင်း လှပါတယ်။ အဝစားသွားကြပါ...အားမနာနဲ့နော်...



ဒါကတော့ အသစ်ဖွင့်ထားတဲ့ Sogo Department Store ရှေ့မှာပါ။


လာဘ်ခေါ် ကြောင်ရုပ် အယ်စတုံ ကြီးရှေ့မှာ အမှတ်တရ ရိုက်ဖြစ်ခဲ့ပါတယ်။




အဓိက သွားလည်ဖြစ်တာကတော့ မောင်းခုန်း ဂွန်ဒိုလာ ဆီကိုပါပဲ။ လက်ကမ်းစာစောင်မှာ ဖတ်ရတာကတော့ "မောင်းခုန်း" ဆိုတာ တရုတ်ဘာသာအားဖြင့် ကြောင်မရှိ လို့ အမည်ရကြောင်း သိရပါတယ်ဗျာ။ မောင်းခုန်းဒေသမှာ တကယ်ပဲ ကြောင်ကလေးတွေ မရှိဘူးလား မသိပါဘူး။ အဲဒီ ဂွန်ဒိုလာကို ၂၀၀၇ ခုနှစ် ဇူလိုင်လ မှာ စတင်ဖွင့်လှစ် ခဲ့တာပါ။ တည်ဆောက်ချိန် ၂ နှစ် နီးပါးကြာမြင့်ခဲ့ပါတယ်။ ထိုင်ပေ တိရစ္ဆာန်ရုံ နားမှာ တည်ဆောက်ထားတာပါ။ အဲဒီနေရာ ရောက်ဖို့ မြေအောက်ရထား အဆင့်ဆင့် ပြောင်းစီးခဲ့ရပါတယ်။



မထင်မှတ်ထားပဲ ၁ နာရီကျော်ကြာအောင် တန်းစီ ခဲ့ရပါတယ်။ ရုံးပိတ်ရက် မဟုတ်တာတောင် လူတွေ အတော်လာစီး ကြတာတွေ့ရပါတယ်။ တိုးရစ်တွေလဲ အများကြီးပါ။ ခရီးသည် ၃ သန်းကျော်ကို ၇ လကျော်အတွင်း ဝန်ဆောင်မှု ပေးခဲ့ပြီးပြီလို့ အပြတ်ကြော်ငြာထားပါတယ်။ အားကျစရာကောင်းလိုက်တာ...



ဂွန်ဒိုလာဂိတ်က စုစုပေါင်းလေးဂိတ်ရှိပါတယ်။ အစ အဆုံး စီးလျှင် မိနစ် ၂၀ ကြာပြီး NT $ ၅၀ ကျသင့်ပါတယ်ဗျာ။ ထူးခြားတာက တဖြည်းဖြည်း တောင်ပေါ်ကို တက်သွားတာပါပဲ။ စုစုပေါင်း ခရီးအကွာအဝေး ၄၀၃၃ မီတာ (ပေ ၁၃၂၀၀ ကျော်) ရှိပါတယ်။ မျက်စိပသာဒ ဖြစ်စရာရှုခင်း မည်မည်ရရ မရှိပဲ မြင်မြင်သမျှ သစ်ပင် တွေချည်းပါပဲ။








ကေဘယ်လ်ကား အတွင်းကနေ အောက်ဘက်ကို ရိုက်ထားတာပါ။ ပေ ၁၀၀၀ နီးပါးအမြင့် တစ်နေရာဆီကပေါ့။



ဒါကတော့ ဂိတ်ဆုံး မောင်းခုန်းမှတ်တိုင်လေးမှာ အမှတ်တရပေါ့။ ရေမျက်နှာပြင်အထက် ၂၉၉.၃ မီတာ (ပေ ၁၀၀၀ နီးပါး) မှာပါ။ အပြန်ခရီးကတော့ ပြန်ပြောင်း မပြောချင် လောက်အောင်ပါဘဲ။ တန်းစီနေကြတဲ့ လူတန်းကြီးကို လန့်ပြီး တက္ကစီ နဲ့ တောင်အောက်ဆင်းခဲ့ရကြောင်းပါ။ မောင်းခုန်း ဆီသို့ အလည်တစ်ခေါက် လာခဲ့ကြပါ ဦးလို့ ဖိတ်မန္တက ပြုလျက်...

မြင်ကွင်းကျယ်သို့...

Janfusun ကစားကွင်း (ထိုင်ဝမ်း)

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ။ ၂၀၀၈၊ ဇန်နဝါရီလတုန်းကတော့ ယာမေကစားကွင်းကို သွားဖြစ်ခဲ့ပါတယ်။ ဒီနှစ် တရုတ်နှစ်ကူး အမှတ်တရအဖြစ် ... ၁၅-၀၂-၂၀၀၉ (တနင်္ဂနွေနေ့) က Janfusun ကစားကွင်းလေးကို လည်လည်သွားဖြစ်ခဲ့ပါတယ်။ ကျွန်းရဲ့ အလယ်ပိုင်းမှာတည်ရှိပြီး နာမည်ကျော် Amusement Park တစ်ခုလည်းဖြစ်ပါတယ်။

ကစားကွင်းအတွင်းမှာရှိတဲ့ သည်းထိတ်ရင်ဖို ကစားနည်းတွေကို အမှတ်တရ ဗွီဒီယိုရိုက်ဖြစ်ခဲ့ပါတယ်။

ပြန်ခါနီးလေးမှာ အပြေးအလွှားသွားစီးဖြစ်ခဲ့တဲ့ G5 ကစားနည်းလေးပါ။ လူတစ်ကိုယ်လုံး လေဟာနယ်ထဲရောက်သွားပြီး Gravity Effect ကို ကြောက်ခမန်းလိလိ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရပါတယ်။ ဟူး.. ဟူး...



ဒီအောက်က Sky Jet ကစားနည်းလေးလဲ အရမ်းကောင်းပါတယ်။ ၆၅ မီတာ (၂၁၃ ပေ) အမြင့်အထိ တရှိန်ထိုး ရှူးကနဲ တက်သွားပြီး အောက်ကို ပြန်ကျလာတဲ့ ရင်သပ်ရှုမောဖွယ် ကစားနည်းလေးပါပဲ။


ဒီကစားနည်းကိုတော့ မစီးရဲလို့ မစီးဖြစ်ခဲ့ပါဘူး။ ဗွီဒီယိုတော့ ရိုက်ဖြစ်ခဲ့ပါတယ်။



ဒီအောက်က ကစားနည်းလေးကတော့ ကျွန်တော်တို့အားလုံး ဆလံသလိုက်ရတဲ့ ကစားနည်းလေးပါ။ ဆန်ကောဝိုင်းကြီးက ၃၆၀ ဒီဂရီလည်နေတဲ့ အပြင် ပင်လယ်ဓားပြလှေ ကစားနည်းလို လက်တံကြီးက ဘယ်ညာ ၁၈၀ ဒီဂရီနီးပါး ယိမ်းနေပါသေးတယ်။ နှစ်မျိုးပေါင်းထားတဲ့ ကစားနည်းလေးပါ။ ပထမတော့ ဘာမှ သိပ်မခံစားရပဲ တဖြည်းဖြည်း ဆန်ကော လည်တဲ့အရှိန်မြင့်သထက်မြင့်၊ လွှဲသထက်လွှဲလာတော့ ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး။
လူတစ်ကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်းထပြီး တဖိန်းဖိန်းဖြစ်လာတော့တာပဲ။ ဆင်းပြေးလို့လဲမရ၊ ရပ်ခိုင်းလို့လဲမရ... အသက်ပါသွားပြီတောင် မှတ်နေတာ။ စီးပြီးတော့ ၁၅ မိနစ်လောက် ထိုင်နေလိုက်ရတယ်။ မသောက်ပဲနဲ့ မူးတယ်ဆိုတာ ဒါပဲထင်ပါရဲ့။ G5 ၊ Sky Jet နဲ့ Roller Coaster စီးတာတောင် ခံနိုင်ရည်ရှိသေးတယ်။ အဲဒါကြီးလဲ စီးပြီးရော ကစားကွင်းတွေကို နည်းနည်း စိတ်နာသွားတယ်။ သြော်.. လူတွေ.. လူတွေ .. ငွေအကုန်ခံပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာကြတာ... ကျွန်တော်တို့လဲ အပါအဝင်ပါပဲ။ ဟီး ဟီး...



ဒီပုံလေးကတော့ Roller Coaster စီးနေတုန်း ကစားကွင်းက Automatic ရိုက်ထားတဲ့ ပုံလေးပါ။ ဓာတ်ပုံ အတွက် NT$ 150 ပေးခဲ့ရပါတယ်။ အမှတ်တရလေးပေါ့။ ၄ယောက်ခုံ ၇တန်း ရှိတာ အလယ်တည့်တည့်မှာ စီးခဲ့တယ်။ ကောင်းလိုက်တဲ့ သတ္တိနော်... ဟီးဟီး..



G5 ဆိုတာကြီးမစီးခင် ပြုံးပြုံးလေးပေါ့။ စီးပြီးသွားရင်လဲ ... ဟဲ ဟဲ.. ပြုံးပြုံးလေးပါပဲ။


နောက်ခံက ခြားရဟတ်ကြီးက ဒီမှာ အမြင့်ဆုံးပါတဲ့။ ၈၈မီတာ (၂၈၈ ပေ)၊ အထပ် ၃၀ ကျော်ခန့် အမြင့်ရှိပြီး အတွဲ ၅၀ ပါဝင်တည်ဆောက်ထားပါသတဲ့။ ညာဘက်ကတော့ Sky Jet ကစားနည်းလေးပါ။



အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ အပျော်တွေကို ဝေမျှခံစားပေးတဲ့အတွက် ကျေးဇူးပါနော်။

မြင်ကွင်းကျယ်သို့...

Stratosphere Las Vegas ! (အမေရိကန်)

မင်္ဂလာပါ။ ဒီနေ့တော့ အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂစ် မြို့လေးက Stratosphere Las Vegas အကြောင်းလေးကို အမှတ်တရ အနေနဲ့ ပို့စ်တင်လိုက်ပါတယ်။ လမ်းကြုံတုန်း ကြွားလိုက်ဦးမယ်။ ကျွန်တော်တော့ ရောက်ဖူးဘူးဗျ။ ဟီး...
အဲဒီ တာဝါ မှာ ဟော်တယ် နဲ့ လောင်းကစားခန်းမ တွဲဖွင့်ထားတာပါ။ အမြင့် ၁၁၄၉ပေ (၃၅၀ မီတာ) ရှိပါတယ်။ လတ်စ်ဗေးဂစ် မြို့ဟာ ကမ္ဘာမှာ ကာစီနို မြို့တော်ရယ်လို့ နာမည်ကြီးလူသိများပါတယ်။ ၁၉၉၆ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဆိုတော့ အခုဆိုရင် ၁၂ နှစ်ကျော်လာပါပြီ။


တာဝါအပေါ်ဆုံးမှာတော့ ဆုံလည်စားသောက်ခန်းမ၊ ရှုခင်းကြည့် နေရာ ၂ခု နဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာ ကစားနည်း ၃ ခုရှိပါတယ်ဗျာ။



၁။ The Big Shot
၂။ X SCREAM
၃။ Insanity the Ride တို့ဖြစ်ပါတယ်။








အပေါ်ပုံလေးက နံပါတ် (၁) Big Shot ကစားနည်းလေးပါ။ အလားတူ ကစားနည်းမျိုး ဟောင်ကောင်က အိုးရှင်းပတ်ခ်မှာ ကစားဖူးပါတယ်။ ထိုင်ခုံမှာ နေရာယူပြီး အပေါ်တက်နေစဉ်မှာ အရမ်းအရမ်းကို နောင်တရမိပါတယ်။ ဆင်းပြေးလို့လဲမရ... ခန္ဓာကိုယ်ကို အောက်ပြုတ်မကျအောင် အသေညှပ်ထားတာကိုး။ မျက်လုံးစုံမှိတ်ထားလိုက်တာ အောက်ကိုဘယ်လို ပြန်ရောက်နေမှန်းတောင် မသိလိုက်ဘူး။ ဟီးဟီး... ကောင်းလိုက်တဲ့ သတ္တိနော်...


အပေါ်မှာ မြင်ရတဲ့ ရိုလာကိုစတာ ကစားနည်းကိုတော့ ၂၀၀၅ ခုနှစ်ကုန်မှာ ရပ်နားထားလိုက်တယ်လို့ သိရပါတယ်။


ဒီပုံလေးကတော့ နံပါတ်မှာ (၂) X SCREAM ပါ။





ဒါကတော့ နံပါတ် (၃) ကစားနည်းဖြစ်တဲ့ INSANITY ပါဗျာ။











ဒီကစားနည်းတွေအားလုံး ကစားရတာ သည်းထိပ်ရင်ဖိုစရာ အရမ်းကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဖိုးဘီးယား (Phobia) အကြောက်ရောဂါတွေထဲက Aeroacrophobia (Fear of open high places) ရှိလို့ စီးရဲဘူး။ ဟီးဟီး... မြေကြီးပေါ်မှာ ဆောက်ထားတာဆိုရင် တော်သေး။ သိပ်မမြင့်တော့ဘူးပေါ့။ နဂိုကတည်းက အမြင့်ကြောက်တဲ့ရောဂါ Acrophobia နဲနဲရှိတာ။ တော်ရုံတန်ရုံ အမြင့်ကနေ အောက်ဆုံးကို ငုံ့မကြည့်ရဲဘူး။ ဟီး.. ဟီး.... (နောင်များမှ ဖိုးဘီးယား အကြောင်းလေးလဲ ရေးပါဦးမယ်။)

Stratosphere Las Vegas ! ရဲ့ OFFICIAL WEBSITE မှာလဲ အကျယ်တဝင့် လေ့လာနိုင်ပါတယ်ဗျာ။ ကစားနည်းတွေရဲ့ ဈေးနှုန်းလေးတွေလဲ ရေးထားပါတယ်။ Las Vegas မြို့လေးကို ရောက်ခဲ့ရင်တော့ သွားသင့်တဲ့ နေရာလေးတစ်ခုပါလို့ မှတ်ချက်ပြုလိုက်ပါတယ်ဗျာ။ စာဖတ်သူများ ဗဟုသုတ တိုးပွားနိုင်ကြပါစေနော်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မြင်ကွင်းကျယ်သို့...

ထျင်းထန် ဗုဒ္ဓရုပ်ပွားတော် (ဟောင်ကောင်)




ခရီးသွားခြင်း ဟာကျွန်တော့်ရဲ့ အနှစ်သက်ဆုံး ဝါသနာတစ်ခုဖြစ်ပါတယ်။ ခရီးသွားခြင်းဖြင့် ဒေသန္တရ ဗဟုသုတ အများအပြားရစေတဲ့ အပြင် ပျော်ရွှင်ကြည်နူးမှု များလည်း ကြုံတွေ့ ရမှာဖြစ်ပါတယ်။ ထျင်းထန် ဗုဒ္ဓရုပ်ပွားတော်မြတ် (天壇大佛 / Tian Tan Buddha Statue)ဟာ ဟောင်ကောင်ရဲ့ လန်တောင်း ကျွန်းကလေး မှာတည်ရှိပါတယ်ဗျာ။ အလွန်တရာမှ သပ္ပာယ်ကြည်ညိုဖွယ် ကောင်းလှပါတယ်။ (ပိုမိုကောင်းမွန်တဲ့ ပုံကြီးကြည့်လိုပါက ပုံပေါ်တွင် click နှိပ်ပါ။)




ခရစ်နှစ် ၁၉၉၀ မှာစတင်လို့ ၁၉၉၃ ခုနှစ်မှာ တည်ဆောက်မှု အလုံးစုံ ပြီးမြောက်ခဲ့ပါတယ်။ ထူးခြားချက်တွေ အများကြီးရှိပါတယ်။ ဉာဏ်တော်အမြင့် ၃၄ မီတာ (၁၁၁.၅ ပေ) ရှိပြီး စုစုပေါင်းအလေးချိန် ၂၅၀ တန် ရှိတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ကမ္ဘာပေါ်ရှိ အဆောက်အဦး အပြင်ဘက် တည်ထားကိုးကွယ်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်များတွင် ၂၀၀၇ ခုနှစ်မတိုင်ခင်အထိ အကြီးမားဆုံးဖြစ်ကြောင်း သိရပါတယ်။


ဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်စဉ် ကြေသွန်းသတ္တုပြား အချပ်ရေ ၂၀၂ ချပ် ဖြင့် ပုံဖော်ပူဇော်ခဲ့ရကြောင်း၊ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၆၈ သန်း ဖြစ်ကြောင်း မှတ်တမ်းများ အရ သိရပါတယ်ဗျာ။
ဟောင်ကောင်ကျွန်းကို ၂၀၀၆ ခုနှစ်မှာ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ ဟိုတစ်နေ့က ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်တော့ သွားခဲ့ဖူးတဲ့ နေရာတွေထဲမှာ တော်တော်လေးကို ကြိုက်နှစ်သက်မိလို့ ရေးဖြစ်သွားတာပါ။ သူငယ်ချင်းဖြစ်သူက လေဆိပ်မှာ လာကြိုပြီး ရောက်ရောက်ချင်း တစ်ဆက်တည်း ဘတ်စ်ကားစီး သွားခဲ့ပါတယ်။ ဟိုမှာ လူခံ မရှိရင်၊ ဒါမှမဟုတ် ခရီးသွားအဖွဲ့ နဲ့ သွားတာမဟုတ်ရင် သွားရေးလာရေး အနည်းအကျဉ်း အခက်အခဲတွေ့နိုင်ပါတယ်။ သူငယ်ချင်းရဲ့ အဆိုအရ ဗုဒ္ဓရုပ်ပွားတော် ရဲ့ မျက်နှာမူရာအရပ် ကိုအစီအမံဖြင့် တည်ထား ကိုးကွယ်ထားကြောင်း၊ တည်ထားပြီး နောက်ပိုင်း တန်ခိုးတော်ကြောင့် ဟောင်ကောင်ကျွန်းကို မုန်တိုင်း တိုက်ခတ်မှု အလွန်နည်းပါး သွားကြောင်းသိရပါတယ်။


ဒီပုံလေးကတော့ တောင်ပေါ်မတက်ခင် အမှတ်တရပေါ့။ အပေါ်ဆုံးကို ရောက်ဖို့ လှေကားထစ်ပေါင်း ၂၆၈ ထစ် တက်ခဲ့ရပါတယ်။ အတက်အဆင်း ၂လမ်း ခွဲထားပါတယ်။ ဘေးပါတ်လည်မှာ လည်းဘုရားကျောင်းတွေ အများကြီးရှိပါတယ်။


လှေကားနဲ့ တက်ပြီးအပေါ်ကို ရောက်နေစဉ်ပေါ့။ အနီးကပ် ဖူးတွေ့လိုက်ရတဲ့ အခါ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ကိုယ်လုံးတော် အတော်လေးကို ကြီးမားမြင့်မြတ်တာ ကို တွေ့ရပါတယ်။




တောင်အောက်ဘက် ကိုအမှတ်တရ ပြန်ရိုက်ထားတာပါ။ စာဖတ်သူများ ဒေသန္တရ ခရီးသွား ဗဟုသုတများ ရစေနိုင်ရန် ရည်ရွယ်ပါတယ်ဗျာ။ ဟောင်ကောင်ကို အခွင့်အခါသင့်လို့ ရောက်ခဲ့ရင်ဖြင့် လက်မလွှတ်တမ်း အရောက်သွားသင့်တဲ့ နေရာတစ်ခုပါလို့ မှတ်ချက်ပြုပါရစေလား။


မြင်ကွင်းကျယ်သို့...

ယာမေကစားကွင်း (ထိုင်ဝမ်း)


၂၀၀၈ ဇန်န၀ါရီလ ၂၄ တုန်းက ယာမေကစားကွင်းကို အလည်တစ်ခေါက် ရောက်ခဲ့တာပေါ့။ အဲဒီကစားကွင်းလေးက ထိုင်ကျုန်းဆိုတဲ့ နယ်မြို့လေး တစ်မြို့မှာပါ။ ကစားကွင်း အတော်များများဟာ ထိုင်ပေမှာမရှိပဲ နယ်တွေမှာ တည်ဆောက်ထားတာပါ။ ကား၊ မီးရထား အဆင့်ဆင့်စီးပြီး သွားကြရပါတယ်။ အဲဒီကစားကွင်းကိုသွားဖို့ မနက် ၆ နာရီကတည်းက ပြင်ဆင်ပြီး ထွက်လာလိုက်တာ ၁၁နာရီကျော်မှပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတော့တယ်။


နာမည်အကြီးဆုံး Gravity Max ဆိုတာ ယာမေရဲ့ အထင်ကရ တစ်ခုပါပဲ။ အဲဒါလဲ စီးဖြစ်အောင်စီးခဲ့ပါတယ်။ လူတွေကို လေထဲမှာ ၁၀ စက္ကန့်လောက်ထားပြီး ရုတ်တရက် လွှတ်ချလိုက်တာ အတော်ကြောက်ဖို့ ကောင်းပါတယ်။ အသည်း နှလုံး အဆုတ် ရှိသမျှအားလုံးပဲ အရမ်းအေးသွားတာပေါ့။



Gravity Effect ကိုရဖို့ လေထဲမှာ စောင့်နေတုန်းပေါ့။ ဒုတိယတန်းမှာ အတူထိုင်နေတာပါ။ (ရှေ့ဆုံးတန်းက မစီးရဲလို့... ဟီးဟီး...)



ဒီကစားနည်းလဲ တော်တော်ကောင်းပါတယ်။ လူတွေကို ၃၆၀ ဒီဂရီ တရစပ် ရှေ့နောက် ကျွမ်းပစ် ထင်သလို လှည့်နေတော့တာပေါ့။


ဒီကစားနည်းကတော့ တော်တော်လေးကိုခေါင်းမူးပါတယ်။ အချို့တွေဆိုရင် အန်တောင်အန်ပါတယ်။ ကျွန်တော်လဲ တစ်ခါတည်းစီးပြီး နောက်မစီးရဲတော့ပါဘူး။


ဒီပုံလေးက အ၀င်မုခ်ဦးလေးမှာ အမှတ်တရ ရိုက်ခဲ့တာပါ။ အရောင်တွေစုံနေတော့ အတော်ပဲ မျက်စိ ပသာဒ ဖြစ်ရပါတယ်။ တစ်ခါတစ်ခေါက် အလည်လာခဲ့ကြပါဦးလို့ ဖိတ်မန္တကပြုပါရစေလား။

မြင်ကွင်းကျယ်သို့...