

ခရီးသွားခြင်း ဟာကျွန်တော့်ရဲ့ အနှစ်သက်ဆုံး ဝါသနာတစ်ခုဖြစ်ပါတယ်။ ခရီးသွားခြင်းဖြင့် ဒေသန္တရ ဗဟုသုတ အများအပြားရစေတဲ့ အပြင် ပျော်ရွှင်ကြည်နူးမှု များလည်း ကြုံတွေ့ ရမှာဖြစ်ပါတယ်။ ထျင်းထန် ဗုဒ္ဓရုပ်ပွားတော်မြတ် (天壇大佛 / Tian Tan Buddha Statue)ဟာ ဟောင်ကောင်ရဲ့ လန်တောင်း ကျွန်းကလေး မှာတည်ရှိပါတယ်ဗျာ။ အလွန်တရာမှ သပ္ပာယ်ကြည်ညိုဖွယ် ကောင်းလှပါတယ်။ (ပိုမိုကောင်းမွန်တဲ့ ပုံကြီးကြည့်လိုပါက ပုံပေါ်တွင် click နှိပ်ပါ။)
ခရစ်နှစ် ၁၉၉၀ မှာစတင်လို့ ၁၉၉၃ ခုနှစ်မှာ တည်ဆောက်မှု အလုံးစုံ ပြီးမြောက်ခဲ့ပါတယ်။ ထူးခြားချက်တွေ အများကြီးရှိပါတယ်။ ဉာဏ်တော်အမြင့် ၃၄ မီတာ (၁၁၁.၅ ပေ) ရှိပြီး စုစုပေါင်းအလေးချိန် ၂၅၀ တန် ရှိတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ကမ္ဘာပေါ်ရှိ အဆောက်အဦး အပြင်ဘက် တည်ထားကိုးကွယ်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်များတွင် ၂၀၀၇ ခုနှစ်မတိုင်ခင်အထိ အကြီးမားဆုံးဖြစ်ကြောင်း သိရပါတယ်။

ဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်စဉ် ကြေသွန်းသတ္တုပြား အချပ်ရေ ၂၀၂ ချပ် ဖြင့် ပုံဖော်ပူဇော်ခဲ့ရကြောင်း၊ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၆၈ သန်း ဖြစ်ကြောင်း မှတ်တမ်းများ အရ သိရပါတယ်ဗျာ။
ဟောင်ကောင်ကျွန်းကို ၂၀၀၆ ခုနှစ်မှာ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ ဟိုတစ်နေ့က ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်တော့ သွားခဲ့ဖူးတဲ့ နေရာတွေထဲမှာ တော်တော်လေးကို ကြိုက်နှစ်သက်မိလို့ ရေးဖြစ်သွားတာပါ။ သူငယ်ချင်းဖြစ်သူက လေဆိပ်မှာ လာကြိုပြီး ရောက်ရောက်ချင်း တစ်ဆက်တည်း ဘတ်စ်ကားစီး သွားခဲ့ပါတယ်။ ဟိုမှာ လူခံ မရှိရင်၊ ဒါမှမဟုတ် ခရီးသွားအဖွဲ့ နဲ့ သွားတာမဟုတ်ရင် သွားရေးလာရေး အနည်းအကျဉ်း အခက်အခဲတွေ့နိုင်ပါတယ်။ သူငယ်ချင်းရဲ့ အဆိုအရ ဗုဒ္ဓရုပ်ပွားတော် ရဲ့ မျက်နှာမူရာအရပ် ကိုအစီအမံဖြင့် တည်ထား ကိုးကွယ်ထားကြောင်း၊ တည်ထားပြီး နောက်ပိုင်း တန်ခိုးတော်ကြောင့် ဟောင်ကောင်ကျွန်းကို မုန်တိုင်း တိုက်ခတ်မှု အလွန်နည်းပါး သွားကြောင်းသိရပါတယ်။

ဒီပုံလေးကတော့ တောင်ပေါ်မတက်ခင် အမှတ်တရပေါ့။ အပေါ်ဆုံးကို ရောက်ဖို့ လှေကားထစ်ပေါင်း ၂၆၈ ထစ် တက်ခဲ့ရပါတယ်။ အတက်အဆင်း ၂လမ်း ခွဲထားပါတယ်။ ဘေးပါတ်လည်မှာ လည်းဘုရားကျောင်းတွေ အများကြီးရှိပါတယ်။

လှေကားနဲ့ တက်ပြီးအပေါ်ကို ရောက်နေစဉ်ပေါ့။ အနီးကပ် ဖူးတွေ့လိုက်ရတဲ့ အခါ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ကိုယ်လုံးတော် အတော်လေးကို ကြီးမားမြင့်မြတ်တာ ကို တွေ့ရပါတယ်။


တောင်အောက်ဘက် ကိုအမှတ်တရ ပြန်ရိုက်ထားတာပါ။ စာဖတ်သူများ ဒေသန္တရ ခရီးသွား ဗဟုသုတများ ရစေနိုင်ရန် ရည်ရွယ်ပါတယ်ဗျာ။ ဟောင်ကောင်ကို အခွင့်အခါသင့်လို့ ရောက်ခဲ့ရင်ဖြင့် လက်မလွှတ်တမ်း အရောက်သွားသင့်တဲ့ နေရာတစ်ခုပါလို့ မှတ်ချက်ပြုပါရစေလား။
ယခုပို့စ်ကို ပုံနှိပ်ရန်။

No comments:
Post a Comment